Monday, September 24, 2007

၂၄ရက် စက်တင်ဘာလ ၂၀၀၇


ရွှေတိံဂုံဘုရားသို့ သံဃာများ စတင်ချီတက်စဉ်

ကြေးသွန်းဘုရားကြီးကို ရောက်တော့ နံနက်ဆယ်နာရီ ထိုးနေပြီ။ ကြေးသွန်း ဘုရား အ၀င်မှာ ထမင်းထုပ်တွေ ရေသန့်ဘူးတွေကို အထုပ်လိုက် အထုပ်လိုက် တွေ့ရတယ်။ ကျွန်တော် ဖိနပ်ကို အ၀င်ဝမှာ အပ်ပြီး ဘုရားထဲ ၀င်လာတော့ ဦးမောင်(ကျော်သူ) ပုတီးစိပ်နေတာကို တွေ့ရတယ်။ ပတ်ဝန်းကျင် ကြည့်လိုက်တော့ လူကတော့ ခပ်ကျဲကျဲပဲ။ နေကလည်း တော်တော်ကို ပူတယ်။ သုံးလေးရက်ဆက်တိုက် မိုးတောထဲမှာ ချဉ်းပဲနေလာလို့လား မသိဘူး ဒီနေ့မနက်မှာ ပုံမှန်ပူတဲ့ နေရောင်ကို ကြာကြမခံနိုင်ဘူး။ ဒီနေအတိုင်းသာ ဆိုရင် သံဃာတော်တွေ ဘယ်လို လုပ်ကြမလဲလို့ တွေးလိုက်မိတယ်။
ဦးမောင် ပုတီးစိပ်နေစဉ်

ကျွန်တော့်ကို အမျိုးသမီး တစ်ယောက်က ဖဲပြားလေတစ်ခု လာပေးတယ်။ အဲဒီဖဲပြားလေးက လိမ္မော်ရောင်ရှိပြီ အောက်ဘက်ကို ထောင့်ခွက်ပုံ ဖြစ်နေအောင် ကတ်ကြေးနဲ့ ကိုက်ထားတယ်။ သူများတွေကို ကြည့်လိုက်တော့လည်း အဲလို ဖဲပြားလေးတွေကို ရင်ဘတ်မှာ ထိုးထားကြတယ်။ အဲဒါကြောင့် ကျွန်တော်လဲ လူစိမ်းအမျိုးသမီး လာပေးတဲ့ ဖဲပြားလေးကို ရင်ဘတ်မှာ ထိုးထားလိုက်တယ်။

အဲဒီမှာ နာမည်ကြီးကဗျာ ဆရာတစ်ယောက်တော့ ပျားပန်းခတ် အလုပ်ရှုပ်နေတယ်။ ဦးမောင်ကတော့ ပုတီးစိပ်နေတုန်းပဲ။ နောက်တော့ လူတွေ တဖွဲဖွဲ ရောက်လာကြတယ်။ သိပ်မကြာဘူး ဇာဂနာတို့ ဖိုးဖြူတို့ ရောက်လာတယ်။ သူတို့ရောက်လာတဲ့ အချိန်မှာ ဦးမောင်က ပုတီး စိပ်ပြီးနေပြီ။

နောက်တော့ ဦးမောင်တို့ အုပ်စုက ခေါင်းဆောင်သူတွေ စုံတဲ့ အခါမှာ သံဃာတော်တွေကို ဆွမ်းကပ်ဖို့ ပြင်တယ်။ ဆွမ်းကပ်တဲ့ နေရာမှာတော့ သံဃာတော်တွေက ကြားတောရလမ်းကနေ ကြေးသွန်းဘုရားကြီး ထဲကို သင်္ကန်းသပ္ပယ်ပြီး ၀င်လာတဲ့ အခါမှာ လူတွေက ထမင်းထုပ်နဲ့ ရေဘူးကို ကပ်ကြတာဖြစ်တယ်။ အဲဒီလို ဆွမ်းကပ်ဖို့ အတွက် လူတွေက ဘုရားဝင်ပေါက်ရဲ့ လမ်းဘေးဝဲယာမှာ နေရာယူကြတယ်။ လူတိုင်းကိုယ်စီရဲ့ လက်ထဲမှာ ရေဘူးတစ်ဘူးစီနဲ့ ထမင်းထုပ် တစ်ထုပ်စီကို ထည့်ပေးထားတယ်။ ဘယ်သူမဆို သံဃာတော်တွေကို ဆွမ်းကပ် နိုင်အောင်လို့လေ။

သံဃာတော်များကိုဆွမ်းကပ်စဉ်

အဲဒီလို ကပ်လှုလိုက်တဲ့ ဆွမ်းတွေကို သံဃာတော်တွေဟာ ဘုရားထဲမှ အဆင်ပြေသလို ဘုန်းပေးရတယ်။ ကိုယ်တော် အများစုကတော့ အခင်းထိုင်စရာ ရှိပေမယ့် အချို့သော ကိုယ်တော်တွေကတော့ သံမံတလင်းမှာ ထိုင်ပြီး ဆွမ်းဘုန်းပေးရတယ်။ တကယ်တော့ သံဃာတော်တွေ အများစုဟာ သန်တုန်းမြန်တုန်း အရွယ်ဖြစ်တာကြောင့် လူလိုဆိုရင်တော့ စားကောင်းတဲ့ အရွယ်တွေပါ။ အဲလို သန်မာတဲ့ အရွယ်မှာ ဆွမ်းထုပ်လေးတစ်ထုပ်ဟာ တစ်နေ့လုံးစာ အဆာခံနိုင်တဲ့ ပမာဏ ရှိမှာတော့မဟုတ်ပါဘူး။ သို့ပေမယ့် တစ်ပါးကို တစ်ထုပ်ကျနဲ့ ရေတစ်ဘူးသာ ဘုန်းပေးခဲ့ရပါတယ်။
ဆွမ်းဘုန်းပေးနေသော သံဃာတော်အချို့

အဲဒီထဲကမှာ ခေါင်းဆောင်ဆရာတော် ၁၅ ပါးကိုတော့ ရှင်ဥပဂုတ် ကျောင်းဆောင်မှာ ဆွမ်းကပ်ခဲ့ပါတယ်။ အဲလို ဆွမ်းကပ်ရာမှာလည်း ဦးမောင်တို့ ဦးဇာဂနာတို့ ကိုယ်တိုင်သွားကပ်ကြပါတယ်။

အမျိုးသားရေးဦးဝင်းနိုင်၊ ဇာဂနာ

အပြင်ကို ထွက်လိုက်တော့ အမျိုးသားရေး ဦးဝင်းနိုင်ကို နိုင်ငံခြား သတင်းဌာန တစ်ခု အင်တာဗျူးလုပ်နေတာကိုတွေ့ရပါတယ်။ နောက်တော့ သိပ်မကြာလိုက်ဘူး ဆွမ်းစားပြီးတဲ့ သံဃာတော်တွေ အပြင်ကိုထွက်လာကြတယ်။ နောက်တော့ တန်းစီကြတယ်။ တန်းစီနေတုန်းမှာ ခေါင်းဆောင် ဆရာတော်တွေက စည်းကမ်း ချက်တွေကို ကြေငြာပါတယ်။ စည်းကမ်းချက် တွေအရ လိုက်ပါသူ မည်သူ့ကိုမျှ စာရွက်စာတန်း ကိုင်ဆောင်ခွင့် မပေးပါဘူး။ အကြမ်းဖက်ခွင့် မပေးပါဘူး။ အားလုံး စည်းကမ်းရှိရှိ လမ်းလျှောက် ကြဖို့ ဖြစ်ပါတယ်။ တန်းစီပြီး သွားတော့ ဘုရားပေါ်တက် သွားကြတယ်။ ဘုရားပေါ် တက်တဲ့ အချိန်မှာ နေ့လည် ၁၁ ကျော်ကျော်ပဲ ရှိပါသေးတယ်။ ကျွန်တော် ဘုရားပေါ် လိုက်မတက်တော့ဘူး ပြန်လာခဲ့တယ်။

ကျွန်တော်ကြားမိ လိုက်သလောက် သံဃာတော်တွေဟာ ရွှေတိံဘုရား အရှေ့မုဒ်ကနေတက်ပြီး မြေက်ဘက်မုဒ်ကဆင်းမယ် ပြီးတော့ မြေနီကုန်း အဲဒီက တစ်ဆင့် လှည်းတန်း အဲဒီကတစ်ဆင့် ရှစ်မိုင် ပြီးတော့ ကမ္ဘာအေး ဘုရား ကမ္ဘာအေး ဘုရားမှာ တော်တော်ကြာကြာ နားပြီး ဆူးလေကို ဆက်လက်ချီတက်ကြ မယ်လို့ ဆိုပါတယ်။

ညနေ သုံးနာရီလောက်မှာ သူငယ်ချင်းတစ်ယောက်က ဖုန်းလှမ်းဆက်တယ် ဆူးလေကို သံဃာတော်တွေ ရောက်လာပြီတဲ့။ အဲဒီ အချိန်မှာ မိုးက ရွာနေပြီ။ အဲဒါနဲ့ ကျွန်တော်လဲ ဆူးလေဘုရားကို အသည်းအသန် သွားခဲ့တယ်။ မြို့တော် ခန်းမရှေ့ရောက်တော့ သံဃာအုပ်လိုက်ကြီးဟာ မြို့တော်ခန်းမနဲ့ မဟာဗန္ဒုလ ပန်းခြံကြား မှာ ထိုင်နေကြတယ်။ ဘေးနားက လူပရိတ်သတ် အချို့ကလည်း သံဃာတော်တွေလိုပဲ ဆောင့်ဆောင့် ထိုင်ပြီး လက်အုပ်ချီထားကြတယ်။ ကျွန်တော် သေချာကြည့်လိုက်တော့ အခု အဖွဲ့ သတ်သတ်တစ်ဖွဲ့ ဖြစ်နေတယ်။ မနက်က ဦးမောင်တို့ ဆွမ်းကပ်လိုက်တဲ့ အဖွဲ့ မဟုတ်ဘူး။

ဒါပေမယ့် အခုဖွဲ့က သံဃာတော်ဦးရေက ပိုများမယ်လို့ ထင်မိတယ်။ ပြီးတော့ နောက်ဆုံးမှာ သီလရှင်တွေလည်း ပါလာတယ်။ အဲဒီမှာ ကျွန်တော့် စိတ်ထဲမှာ ဘ၀င်မကျတာ တစ်ခုက သံဃာတော်တွေ ဘေးနားက ခြံရံလိုက်ပါလာတဲ့ လူထဲတစ်ချို့ဟာ အရက်တွေ သောက်ထားကြတယ်။ တကယ်ဆိုရင် အဲဒါ မဖြစ်သင့်ပါဘူး။ တချို့က အနံ့တွေ ထောင်းထနေတယ်။ တချို့က မျက်လုံးကြီးတွေ နီလို့ရဲလို့။

အခုကျွန်တော် တွေ့နေရတဲ့ အဖွဲ့ကတော့ေ၇ွှတိံဂုံကနေ ချီတက်ခဲ့တာလို့သိရတယ်။ ဒီအဖွဲ့က နောက်ကျလို့ ဦးမောင်တို့ ဆွမ်းကပ်တဲ့ အဖွဲ့ကို မမှီလိုက်တာတဲ့။ စုံစမ်းကြည့်တော့ ဗိုလ်တစ်ထောင်ကို သွားမယ်တဲ့။ အဲဒါကြောင့် ကျွန်တော်မလိုက်တော့ဘူး ကမ္ဘာအေး ဘုရားက ဆင်းလာမည့် အဖွဲ့ကိုပဲ ဆူးလေကနေ စောင့်တော့မယ်ဆိုပြီး နေထားရစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအဖွဲ့ ဆူးလေမှာ တရားဟောဖို့ အစီစဉ်တွေပါ ပါတယ်လို့ ကြားထားလို့လေ။

နောက်တစ်နာရီ လောက်ကြတော့ အဖွဲ့တစ်ဖွဲ့ ထပ်ရောက်လာတယ်။ ထပ်ရောက်လာတဲ့ အဖွဲ့ကလည်း ရွှေတိံက စထွက်တာပဲတဲ့။ အဲဒီ အဖွဲ့လည်း ဆုဆောင် မေတ္တာပို့ပြီး ဗန္ဒလလမ်းအတိုင်း ဆက်ထွက်သွားတယ်။ ကျွန်တော်လည်း ဆူးလေမှာပဲ ဆက်စောင့်နေတယ် လိုက်မသွားဖြစ်လိုက်ဘူး။

စောင့်ရင်းရင်နဲ့ ညနေ ခြောက်နာရီ ထိုးသွားတယ်။ ကမ္ဘာအေးဘုရားကို တက်သွားတဲ့ အဖွဲ့က ရောက်မလာဘူး။ မိုးလဲချုပ်ပြီး လာနိုင်ဖွယ်ရာလည်း မမြင်တာကြောင့် ကျွန်တော် အိမ်ကိုပြန်ခဲ့လိုက်တယ်။

နောက်မှ သိလိုက်ရတာက အဲဒီအဖွဲ့ (ဦးမောင်တို့ဆွမ်းကပ်သောအဖွဲ့)က ကမ္ဘာအေး ဘုရားရောက်တော့ ညနေ ငါးနာရီ ထိုးခါနီးပြီ ဖြစ်တာကြာင့် အဲဒီမှာပဲ အဆုံးသတ်လိုက်တယ်လို့ သိရတယ်။

စက်တင်ဘာလ ၂၄ ရက်

No comments: